လိင်မဆက်ဆံပဲနေတာက ကောင်းတဲ့ကိစ္စလား မကောင်းတဲ့ကိစ္စလား
တစ်ချို့အပျိုကြီးတွေက “ကျုပ်က အပျိုကြီးဟဲ့ အဖိုဆို ယင်ဖိုတောင်မသန်းဖူးဘူး” တို့၊ “ကျားဆို ခြင်ကျားတောင် အကပ်မခံဖူးဘူး” တို့လိုမျိုး ပြောစကားတွေကို ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကြားဖူးကြမယ်ထင်ပါရဲ့။
အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လိင်သံဝါသကိစ္စကို တစ်ခါမှမလုပ်ဖူးတာပဲဖြစ်ဖြစ် အချိန်အကြာကြီး မလုပ်ဖြစ်တော့ပဲ ကင်းကွာနေတာမျိုးဖြစ်နေတာက ကောင်းသလား? ဆိုးသလား။ ခုအဲဒီအကြောင်းကို ပြောပြပေးပါမယ်။
လိင်ဆက်ဆံခြင်းဟာ မျိုးဆက်ပွားများနိုင်ဖို့ ကိစ္စကို အသာဖယ်ထားမယ်ဆိုရင် စိတ်ကိုပျော်ရွှင်စေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမှာ လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒရှိနိုင်ပေမယ့် လိင်ဆက်ဆံဖို့ အခွင့်အရေးကတော့ ဆတူညီတူရကြမှာမဟုတ်ပါဘူး။ တချို့က မဆက်ဆံချင်လို့ ငြင်းပယ်ကြတာဖြစ်နိုင်သလို၊ တချို့ကတော့ အခွင့်အလမ်းမသာလို့ ဆက်ဆံခွင့်မရကြတာမျိုးဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ လူတစ်ယောက်ဟာ အချိန်အကြာကြီး လိင်မဆက်ဆံပဲ နေထိုင်နေမိမယ်ဆိုရင် ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ၊ လက္ခဏာတွေပြသလာတတ်တယ်ဆိုတာကိုတော့ သိနားလည်ထားဖို့ လိုမှာပါ။
အချိန်ကြာမြင့်စွာ လိင်မှုကိစ္စနဲ့ ကင်းကွာနေတဲ့အခါ
- အမျိုးသမီးတွေမှာ အထွတ်အထိပ်ရောက်ဖို့ ခက်ခဲမယ် - အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ လိင်မှုခံစားချက်နဲ့ ထိတွေ့ဆက်ဆံမှုအပေါ်မူတည်ပြီး ခန္ဓာကိုယ်အပေါ် သက်ရောက်ပါတယ်။ မိန်းမကိုယ်ဟာ ဆက်ဆံမှုနည်းလေလေ သဘာဝချောဆီထုတ်နိုင်စွမ်းနည်းလေလေ၊ အထွတ်အထိပ်ရောက်ဖို့ ခက်လေလေပါပဲ။
- သွေးလည်ပတ်မှုကို တုန့်နှေးလာမယ် - လိင်မဆက်ဆံတာကြာလာရင် ခန္ဓာကိုယ်မှာ သွေးလည်ပတ်စီးဆင်းမှုအပိုင်း ပြဿနာတွေ ရှိလာပြီး တုန့်ဆိုင်းနှေးကွေးလာနိုင်ပါတယ်။ လေ့လာချက်တွေအရ တစ်ပတ်မှာ ၂ ကြိမ် လိင်ဆက်ဆံသူတွေဟာ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။
- ဆီးလမ်းကြောင်း ပြဿနာတွေ ကြုံရနိုင်တယ် - ပုံမှန်လိင်ဆက်ဆံတဲ့ သူတွေဟာ တင်ပါးဆုံရိုးနဲ့ ဆီးလမ်းကြောင်းကို ကျန်းမာစေတဲ့ အကျိုးကျေးဇူးကိုရနိုင်ပေမယ့် အချိန်ကြာမြင့်စွာ လိင်မဆက်ဆံသူတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။
- မိန်းမကိုယ်ပြာနှမ်းတာမျိုး ကြုံမယ် - အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ မိန်းမကိုယ်ပြာနှမ်းခြင်း (Blue Vulva) ဟာ ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်ပြီးတော့ လိင်ဆက်ဆံမှုနည်းပါးတာကြောင့် မိန်းမကိုယ်မှာ သွေးလည်ပတ်စီးဆင်းမှု မကောင်းဖြစ်ပြီး ပြာနှမ်းလာတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။
- စိတ်ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရမယ် - သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ဆီသွေးရောက်ရှိမှုနည်းနိုင်ပြီး Happy hormones ထုတ်လုပ်နိုင်စွမ်းကျဆင်းတာ Stress hormone ပမာဏမြင့်တက်တာမျိုးတွေဖြစ်လာမယ်ဆိုရင် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းလွယ်တာနဲ့ ဒေါသထွက်လွယ်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါတယ်။
ဒါကြောင့်လည်း လိင်ကိစ္စ စိတ်ဝင်စားမှုနည်းပါးသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးကြတာဖြစ်ပါတယ်။ အကြောင်းကတော့ လိင်စိတ်နည်းပါးတာနဲ့ လိင်ကိစ္စကို အချိန်အကြာကြီးရှောင်ကျဉ်နေမိတာတွေကြောင့် စိတ်ဖိစီးလာတဲ့အခါ တခြားသောနောက်ဆက်တွဲပြဿနာတွေအဖြစ် အဝလွန်တာ၊ သွေးတိုးတာ၊ အိပ်မပျော်တာနဲ့ နှလုံးရောဂါတွေ ဝင်လာနိုင်တာကြောင့်ပါ။
ခြုံငုံပြောဆိုရမယ်ဆိုရင် လိင်မှုကိစ္စဟာ သဘာဝဖြစ်စဉ်တစ်မျိုးဖြစ်တာကြောင့် အတင်းအကျပ်ထိမ်းချုပ်ရှောင်ကျဉ်သင့်တဲ့ အရာမျိုးမဟုတ်ပါဘူး။ တစ်ဖက်မှာလည်း တွေ့ကရာလူနဲ့ ကြုံသလို နှီးနွယ်တာမျိုးကလည်း မှန်ကန်သင့်လျော်တဲ့ အမူအကျင့်မဟုတ်ပါဘူး။ STIs လို ကူးစက်ရောဂါတွေ အန္တရာယ်ကို စိုးရိမ်ဖို့ လိုအပ်ပါတယ်။
မှန်ကန်ပြီး စိတ်ချရတဲ့ လိင်ဆက်ဆံမှု အစီအစဉ်တွေကို စနစ်တကျ စီမံချမှတ်ထားပြီး စိတ်ရောလူပါ ကျန်းမာနေအောင် နေထိုင်တာကမှသာ နည်းမှန်လမ်းမှန် နေထိုင်မှုပုံစံဖြစ်မှာပါလို့ အကြံပေးပါရစေ။
ရေးသားသူ - ရဲဇွန်အောင်